Follow Us

တိုင်းဒေသကြီးအဆင့် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

Thu, 02/07/2019 - 22:29
ယနေ့ နံနက်( ၀၉၀၀ )နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNODC တို့မှ ပူးပေါင်း၍  အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်အား အစိုးရဌာနများအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့   ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မူးယစ်ဗဟိုအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင် ပညာရှင်များ၊ UNODC မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က မူးယစ်ဆေးဝါးများ တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုများသည် လူသားများ၏ ကျန်းမာရေးနဲ့ အေးချမ်း စွာနေထိုင်မှုကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိပြီး လူ့အဖွဲ့အစည်းတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအခြေခံ အုတ်မြစ်များကို လှိုက်စားလာသည်ကို တွေ့ရှိရကြောင်း၊ ဘာသာရေးအစွန်းရောက် အကြမ်း ဖက်မှုများမှ လူထုအကြားဖြစ်ပွားလေ့ရှိသည့် မှုခင်းငယ်များအထိ လုံခြုံရေးနှင့်မှုခင်းဆိုင်ရာ တရားစီရင်ရေး စနစ်များမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသလို ပြည်သူ့ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံပြီး အေးချမ်းသာယာ ဝပြောသော လူမှုဝန်းကျင်ကိုပါ ထိခိုက်လာစေခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပိုင်းမှာလည်း သမားရိုးကျ မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ် ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများကိုပါ တွေ့ရှိလာခဲ့ရကြောင်း၊ ကမ္ဘာ့မူးယစ်ဆေးဝါး ပြသနာဆိုင်ရာ အထူးအစည်းအဝေးမှ ချမှတ်ခဲ့သည့် လမ်းညွှန်ချက်များနှင့်အညီ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကာကွယ်တားဆီးရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး၊ ထုတ်လုပ်မှု လျှော့ချနိုင်ရေး၊ အစားထိုးဖွံ့ဖြိုးရေးစသည့် ကဏ္ဍအသီးသီးအပေါ် မူတည်၍ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒကို အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် ၎င်းမူဝါဒအပေါ် အခြေခံသည့် လုပ်ငန်းစီမံချက် တစ်ရပ် ပေါ်ထွန်းလာအောင် ဆောင်ရွက်ရမည်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ်အနေဖြင့် မူဝါဒရေးဆွဲထုတ်ပြန်ပြီးဖြစ်၍ မူးယစ်ဗဟိုအဖွဲ့အနေနှင့် မဟာဗျူဟာစီမံချက် ရေးဆွဲရေးကိုလည်း ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လုပ်ငန်းစီမံချက်ကို (၂)နှစ်ကာလ သတ်မှတ်ရေးဆွဲပြီး ၂၀၁၉ခုနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကို ကုသ၍ရသော ရောဂါတစ်ခုအဖြစ် ယုံကြည်ပြီး ဆေးစွဲသူများကို လူသားချင်း စာနာထောက်ထားမှုအပြည့်ဖြင့် ခွဲခြားဆက်ဆံခြင်းကင်းစွာ ကုသမှု အခွင့် အလမ်းများ တိုးမြှင့်ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အသိပညာပေးရေးကဏ္ဍ အနေနှင့်လည်း ဆေးသုံးစွဲမှု စတင်ဖြစ်ပေါ်လာရစေသည့် အကြောင်းအရင်းများကို သိရှိစေရန် ဆောင်ရွက်၍ သမားရိုးကျ အသိပညာပေးမှုမျိုးထက် အသိတရားနှင့် ဗဟုသုတရရှိစေမည့် ထိရောက်သော အသိပညာပေး လုပ်ငန်းကို ရွေးချယ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် မူးယစ် ဆေးဝါးအန္တရာယ်ကို လျှော့ချနိုင်ဖို့ အစိုးရဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နည်းတူ ပြည်သူလူထုများမှလည်း ဘုံပြဿနာအဖြစ်ခံယူပြီး အဖွဲ့အစည်း တစ်ခုချင်း စီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ ကိုယ်စီတာဝန်ရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အဆင့်ဆင့် တွင် စိတ်ဝင်စားပြီး တက်ကြွစွာဆောင်ရွက်သည့် လူအဖွဲ့အစည်းတွေကိုပါ ပါဝင်ဖွဲ့စည်းပြီး ၎င်းတို့၏ အားနှင့် လုပ်ငန်းစီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်း ပြောကြားလိုကြောင်း၊ နိုင်ငံတော်မှ ချမှတ်ခဲ့သည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနှင့်အညီ မူးယစ်ဆေးဝါး တားဆီးနိုင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ မူးယစ်သုံးစွဲသူများအတွက် မူးယစ်ဆေးစွဲရောဂါ၏နောက်ဆက်တွဲ ရောဂါများလျှော့ချနိုင်ရေး၊ လူမှုဘဝမြှင့်တင်ရေးစသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနဆိုင်ရာများ အလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍  မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နှင်းရေးအဖွဲ့၊ စီမံကိန်းဌာနခွဲမှူး ဒုရဲမှူးကြီး ဝင်းမြင့်က တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် နိုင်ငံအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု အခြေအနေ နှိမ်နှင်းမှုအခြေအနေနှင့် ပညာပေးမှုအခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများမှ မူးယစ်ဆေးဝါးပြဿနာများ နှင့်ပတ်သက်၍ တားဆီးကာကွယ်နှိမ်နှင်းမှုနှင့် ပညာပေးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပြီး ရဲမှူးကြီး အုပ်စိုးထွန်းက မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒရေးဆွဲရေးနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခြင်း၊  ထုတ်လုပ်မှုလျော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေးကဏ္ဍ၊ သုံးစွဲမှုများ လျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေးကဏ္ဍ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ သုတေသန လုပ်ငန်းများတိုးမြှင့်ရေးကဏ္ဍ၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီဖြစ်ရေးကဏ္ဍများနှင့် ပတ်သက်၍ ကဏ္ဍအလိုက်တာဝန်ရှိသူများနှင့် ပညာရှင်များမှ အသီးသီး ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။