Follow Us

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခုနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက် များ စာစောင်မိတ်ဆက်ရှင်းလင်း

Tue, 02/05/2019 - 21:31

(၄.၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ခုနှစ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် မိတ်ဆက်ရှင်းလင်းပွဲကို မြိတ်မြို့ Grand Jade Hotel တွင် ပြုလုပ်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် The Asia Foundation တို့ပူးပေါင်းကျင်းပသည့် အဆိုပါ စာစောင်မိတ်ဆက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူအကြား ငွေကြေးဆိုင်ရာပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် ယခုကဲ့သို့ ရသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်စာစောင်ကို ထုတ်ဝေမိတ်ဆက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။
ထိုနောက် The Asia Foundation မှ Program Manager ဖြစ်သည့် Kelsey Atwood က နှုတ်ခွန်းဆက်စကားပြောကြားကာ ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေလင်းထက်က စာစောင်ပါ ငွေစာရင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြဆွေးနွေးရာ တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်အသီးသီးမှ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများမှ သိလိုသည့်အချက်အလက်များ၊ ပြင်ဆင်စေလိုသည့် အချက်အလက်များ၊ ဒေသအလိုက်ခွဲဝေချထားပေးမှုနှင့် တိုးတက်မှုနှေးကွေးသည့် ဒေသများအတွက် ရန်ပုံငွေ တိုးမြှင့်ချထားဆောင်ရွက်ပေးစေလိုသည့် အချက်အလက်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။
ထိုနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဖြိုးဝင်းထွန်းက လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ စိတ်ပါဝင်စားစွာ ဆွေးနွေးထောက်ပြမှုများနှင့် အကြံပြုချက်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် များစွာအထောက်အကူဖြစ်ပါသောကြောင့် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
ရိုက်ကူးပေးပို့သူ - ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)