Follow Us

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Tue, 02/05/2019 - 21:12

(၅.၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ၂၀၁၉ခုနှစ်၊ ( ၇၂ )နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က အဖွင့် အမှာစကားပြောကြားရာ ယနေ့ကျင်းပသည့် ( ၇၂ )နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ဒုတိယအကြိမ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ယခင် ပထမအကြိမ်ကျင်းပစဉ်ကလည်း လိုအပ်သည်များကို အတော်များများ ဆွေးနွေး ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့သည် မိမိတို့ တိုင်းရင်းသားအားလုံးစုစည်းညီညွတ်သော အဓိပ္ပါယ်ဖြင့် ကျင်းပခြင်းဖြစ်၍ အနှစ်သာရရှိရှိ အဓိပ္ပါယ်ရှိရှိဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုနှစ်အခမ်းအနားတွင် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲများအား ထည့်သွင်းပြသနိုင်ရေး စီမံ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ လုံခြုံရေးကဏ္ဍတွင်လည်း လစ်ဟင်းမှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းမှ သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် အုပ်စု(၆)အုပ်စု ခွဲခြားထားကြောင်း၊ ယင်းတို့မှာ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ( အရွက် )- (မုန်ညှင်းစိမ်း၊ မုန်ညှင်းဖြူ၊ ကိုက်လန်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ( ဥစားသီးနှံ )-(မုန်လာဥ(ဖြူ)၊ ကန်စွန်းဥ၊ ပီလောပီနံဥ၊ စိမ်းစားဥ၊ ဝဥ၊ ပိန်းဥ၊ ပိန်းမြစ်၊ ထန်းမြစ်)၊ ဟင်းသီးအသီးအလုံးလိုက်ပြိုင်ပွဲ-( ဘူးသီး၊ ဖရဲသီး၊ ရွှေဖယုံသီး၊ ကျောက်ဖယုံသီး၊ သခွားသီး၊ သရက်သီး၊ သင်္ဘောသီး၊ မာလကာသီး၊ အုန်းသီး၊ ကျွဲကောသီး )၊ သစ်သီးဝလံပြိုင်ပွဲ(အခိုင်လိုက်)-(ကွမ်းသီးခိုင်၊ ဓနိခိုင်၊ ထန်းခိုင်၊ ဆီသီးခိုင်(ဆီးအုန်း)၊ အုန်းသီးခိုင်၊ ငှက်ပျောခိုင်)၊ ဟင်းသီး ဟင်းရွက်(ပင်တွဲလိုက်)-( ရုံးပတီသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ပဲတောင့်ရှည်သီး၊ ကြက်ဟင်းခါးသီး၊ ကြံ )၊ ပန်းအလှပြိုင်ပွဲ-( မေမြို့ပန်း၊ ဂန္ဓမာပန်း၊ သစ္စာပန်း၊ သစ်ခွပန်း၊ သဇင်ပန်း ) တို့ ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ (၁၀၄၀)နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။