Follow Us

(၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား တနင်္သာရီတိုင်းဒေသကြီး၌ကျင်းပ

Sat, 10/01/2016 - 17:32

   

      ထားဝယ် အောက်တိုဘာ  ၁
   (၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမ၌ ယနေ့နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရည်မှန်းချက်တာဝန်(၄)ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် အဓိကကျ သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကမ္ဘာ့အဆင့်မီ ရဲတပ်ဖွဲ့ဖြစ်အောင် အဖက်ဖက်က မြှင့်တင်ဆောင်ရွက်ပေးရမှာဖြစ်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့များရဲ့ တရားဥပဒေနှင့်ညီညွှတ်သည့် လုပ်နည်းလုပ်ဟန်များကို နမူနာရယူပြီး ပြည်သူ ဗဟိုပြုသည့်ဝန်ဆောင်မှု၊ ပြည်သူဗဟိုပြုသည့်ဒီမိုကရေစီ ရဲလုပ်ငန်းစနစ်များအဖြစ် ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းကြရန်လိုအပ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ထူးထူးခြားခြားဆောင်ရွက်နိုင်မှုမှာ ဆေးဖြတ်လူနာများအား ဆေးကုသပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ မှုခင်းဆိုင်ရာရာဇဝတ်မှုများအား တားဆီးနှိမ်နင်းရာတွင် ပြည်သူလူထုအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဒီမိုကရေစီခေတ်နှင့်အညီ လိုက်လျောညီထွေတဲ့ ပြည်သူဗဟိုပြုချည်းကပ်မှုအား တိုးမြှင့်ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသွားပါသည်။
    ဆက်လက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ပေးပို့သော သဝဏ်လွှာကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ဖတ်ကြားခဲ့ပါသည်။
    ယင်းနောက် တစ်နှစ်တာကာလအတွင်း မှုခင်းဖော်ထုတ်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များကို  ဆုများချီးမြှင့်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ထားဝယ်မြို့မရဲစခန်းမှ ရဲအုပ်စိုးနိုင်၊ ရဲဒုတပ်ကြပ်အောင်ဇင်ဌေး၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝဏ္ဏ နှင့် ဒုရဲအုပ်ထွန်းလင်းတို့အားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်က မှုခင်းဖော်ထုတ်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ရဲအုပ်ညွှန့်ဝေ၊ ရဲအုပ်ကျော်ကျော်ဦး၊ ရဲအုပ်သန်းဇော်ဦးနှင့် ဒုရဲအုပ်မျိုးသန့်တို့အားလည်းကောင်း ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။
    ဆက်လက်၍ ရဲတပ်ဖွဲ့ဆိုင်ရာ Video  Clip ကို ပြသပြီး တနင်္သာရီတိုင်းဒေသကြီး (၅၂)နှစ်မြောက်   မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

                                    (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)