Follow Us

ဟိုတယ်လုပ်ငန်းဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကျင်းပ

Sat, 10/01/2016 - 17:14

ထားဝယ် အောက်တိုဘာ ၁
    မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(တနင်္သာရီဇုန်)မှ ကြီးမှူးဖွင့်လှစ်သော (၄)ကြိမ်မြောက်  ဟိုတယ်လုပ်ငန်းဆိုင်ရာ အခြေခံသင်တန်းများ သင်တန်းဆင်းပွဲကို ယနေ့ နံနက်(ဝ၇၃၀)နာရီက  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Diamond  Crown Hotel ၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့    သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က အမှာစကားပြောကြားရာတွင် မိမိတိုင်းဒေသကြီးသည် သဘာဝအလှများဖြင့်ပြည့်စုံပြီး လှပသောကမ်းခြေများ၊ ကျွန်းများရှိသဖြင့် ခရီးသွားလုပ်ငန်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကြောင်း၊ တစ်ဆက်တည်းမှာလည်း ဟိုတယ်လုပ်ငန်းသည် အရေးပါသော စီးပွားရေးလုပ်ငန်း ဖြစ်လာကြောင်း၊ သင်တန်းသားများအနေဖြင့်  စီးပွားရေးတစ်ခုသာမကြည့်ဘဲ မိမိနိုင်ငံနှင့်  တိုင်းဒေသကြီး၊  မိမိဟိုတယ် ဂုဏ်သိက္ခာထိခိုက်မှုမရှိအောင် ဝန်ဆောင်မှုပေးရန်လိုကြောင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အစဉ်အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားသွားပါသည်။
    ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး   ဦးနိုင်ဝင်းက အမှာစကားဆက်လက်ပြောကြားပြီး သင်တန်းဆရာတစ်ဦးက သင်တန်းသားများကို မှာကြားပါသည်။ 
 သင်တန်း(၃)မျိုးဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းနှင့် အစားအစာနှင့်အဖျော်ယမကာသင်တန်းတို့တွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းပွဲတွင် ဟိုတယ်အသီးသီးမှ ဧည့်ကြို(၁၇)ဦး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး (၂၆)ဦး၊ အစားအစာနှင့်အဖျော်ယမကာ(၁၇)ဦး၊ သင်တန်းသားစုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

                                    (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)