Follow Us

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန

Tue, 09/27/2016 - 11:45

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

     ဒုတိယကမ္ဘာစစ်အတွင်းတွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့သည့် စစ်ပြေးဒုက္ခသည်များအနက် ငွေကြေးမဖူလုံသော စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လာရေးနှင့် စားသောက်နေထိုင်ရေးအတွက် ငွေထုတ်ချေးခြင်း၊ ချေးငွေ များ ပြန်လည်ကောက်ခံခြင်း၊ ပြန်လည်နေရာချထားပေးခြင်းနှင့် မြန်မာပြည်အတွင်းရှိ ဒုက္ခသည်များအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် လူမှုဝန်ထမ်းနှင့် ပြန်လည်ထူထောင်ရေးညွှန်ကြားရေးဝန်ရုံးကို ၁၉၄၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုရုံးသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ အစတည်ရာဌာန ဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်တွင် ပညာရေး၊ လူမှုရေးရာနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနမှ အထက်ပါရုံးကို ကြီးကြပ်လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်းသောင်းကျန်းမှုများကြောင့် အတိဒုက္ခရောက်ကြရသူများကိုကူညီရန် ပညာရေး၊ လူမှုရေးရာနှင့် ပြန်လည် ထူထောင်ရေးဝန်ကြီးဌာနသည် ဖဆပလ ဗဟိုကယ်ဆယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။
    ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလတွင် ပညာရေး၊ လူမှုရေးရာနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနကို ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန(၃)ခုအဖြစ် ဖွဲ့စည်းခဲ့ ပါသည်။ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနသည် လူမှုဝန်ထမ်းနှင့် ပြန်လည်ထူထောင်ရေးညွှန်ကြားရေးဝန်ရုံးနှင့် ဖဆပလ ဗဟိုကယ်ဆယ်ရေးကော်မတီတို့ကို ကြီးကြပ်ခဲ့ပါသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ဖဆပလဗဟိုကယ်ဆယ်ရေးကော်မတီမှ ဆောင်ရွက်နေသည့်အတွက် လူမှုဝန်ထမ်းနှင့် ပြန်လည်ထူထောင်ရေးညွှန်ကြားရေးဝန်ရုံးသည် စစ်ပြေးကြွေးကျန်များ ကောက်ခံသည့်လုပ်ငန်းသာရှိတော့သဖြင့် အဆိုပါရုံးကို ၁၉၄၉ ခုနှစ်၊ ဧပြီလတွင် ဖျက်သိမ်းခဲ့ပါသည်။ ၄င်းရုံး၏လုပ်ငန်းများကို ရန်ကုန် ခရိုင်ရာဇဝတ်တရားသူကြီးရုံးသို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၁၉၅ဝ ပြည့်နှစ်တွင် ရန်ကုန်ခရိုင်ရာဇဝတ်တရားသူကြီးရုံးမှ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပါသည်။
    ၁၉၅ဝပြည့်နှစ်၊ ဧပြီလတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ကျယ်ပြန့်လာသည့်အတွက် ကယ်ဆယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းသောအခါ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့် စစ်ပြေးကြွေးကျန်များ ကောက်ခံသည့် လုပ်ငန်းကို ကယ်ဆယ်ရေးဝန်ကြီးဌာနသစ်သို့ လွှဲပြောင်းပေးခဲ့ပါသည်။ ကယ်ဆယ်ရေးဝန်ကြီးဌာနသည် သီးခြားအမည်သတ်မှတ်ထားသော်လည်း ပညာရေး၊ ကျန်းမာရေး ဒေသန္တရအုပ်ချုပ်ရေးတို့ကို ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရပါသည်။

    ၁၉၅၁ခုနှစ်တွင် ပညာရေး၊ ကျန်းမာရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဝန်ကြီးဌာန(၂)ခုမှ ပြတ်ပြတ်သားသားခွဲခြားဆောင်ရွက်နိုင်ရန် ပညာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအဖြစ် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ထိုနေ့တွင်ပင် လူနည်းစုရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်နောက်ပိုင်းတွင် လူနည်းစုရေးရာကိစ္စများကို ဖျက်သိမ်းခဲ့သည့်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ရပ်တည်ခဲ့ပါသည်။

    ၁၉၅၃ ခုနှစ်တွင် လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၆ ခုနှစ်တွင် လူမှုဝန်ထမ်းဌာနကို သာသနာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လူမှုဝန်ထမ်းနှင့် သာသနာရေးဝန်ကြီးဌာနအဖြစ် ဖွင့်လှစ်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနကို အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
    ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် သာသနာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနဟူ၍ သီးခြားစီဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ မတ်လတွင် လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးဝန်ကြီးဌာနကိုပေါင်းစပ်၍ လူမှုဝန်ထမ်းဝန်ကြီးဌာနအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ပါသည်။
    ၁၉၉၂ ခုနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
   ၂၀၁၂ ခုနှစ်တွင် မီးသတ်ဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ရောက်ရှိသွားသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးဦးစီးမှူးရုံး
ဆိပ်ကမ်းသာလမ်း၊ ဆန်းချီကွက်သစ်ရပ်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၄၀၂၀၊ ၀၅၉-၂၃၅၇၆
မြိတ်ခရိုင်ဦးစီးမှူးရုံး
မိုးပုလဲလမ်း၊ ငွေပုလဲရပ်ကွက်၊
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၂၃၉၀
ကော့သောင်ခရိုင်ဦးစီးမှူးရုံး
အဏ္ဏဝါ(အောင်သုခ)ရပ်ကွက်၊
ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၃၅၀