Follow Us

သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေရှင်းလင်းပွဲပြုလုပ်

Fri, 03/30/2018 - 16:41
ထားဝယ် မတ် ၃၀
၂၀၁၈ခုနှစ် မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀ မိနစ်အချိန်၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ ရှင်းလင်းပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အဆိုပါရှင်းလင်းပွဲအခမ်းအနားတွင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အရ  တစ်ဦးချင်းစီနှင့် အိမ်ထောင်စုများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဘေးအန္တရာယ်ကျရောက်နိုင်မှုများ လျော့ပါးရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ထားရှိကြောင်း၊  အသက်အရွယ်ပိုင်းခြားအလိုက် ဘ၀ တစ်သက်တာချဉ်းကပ်မှု(Life cycle Approach) ကို အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သော နိုင်ငံတကာကတိကဝတ်များ သဘောတူလက်မှတ်ရေးထိုးထား သော စာချုပ်စာတမ်းများနှင့် ပြည်တွင်းလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆက်စပ်ဥပဒေများကို ရေးဆွဲပြဌာန်း ထားပြီးဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်(၈)ရပ်တွင် အသက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ကြေးအဖြစ် အသက်(၉၀)နှစ် အထက် လူမျိုး ဘာသာရဟန်းရှင်လူမရွေး တစ်ဦးလျှင် တစ်လ(၁၀၀၀၀ိ/-)နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံလူမှု ကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ ရည်မှန်းချက်များကို အောင်မြင်ပေါက်မြောက်စေရေး အတွက် သက်ဆိုင်ရာဆက်စပ်ဌာနများမှ ကဏ္ဍအလိုက် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုကြောင်းနှင့် အသက်ကြီးရွယ်အိုဥပဒေတွင် ပါဝင်သည့် ရည်ရွယ်ချက်(၉)ချက်နှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းပေးရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီမှ သက်ကြီးရွယ်အိုများ ဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီရွှေမှ (၃၀.၁၂.၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၄၄) ဖြင့် ထုတ်ပြန်ပြဌာန်းခဲ့သည့် သက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေပါအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြကြပြီး အခမ်းအနားကို မွန်းလွဲ(၃)နာရီ (၃၀) မိနစ်အချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သိရှိရပါသည်။