Follow Us

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး၊ Grade-2(သင်ရိုးသစ်)သင်တန်း/ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား

Fri, 03/30/2018 - 16:00

ထားဝယ်    မတ် ၃၀
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး၊ Grade-2(သင်ရိုးသစ်)သင်တန်း/ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယနေ့၊ နံနက် ၈ နာရီ၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် ယခင်အာဂုံဆောင်အလွတ် ကျက်မှတ်ပြီး ဖြေဆိုလာကြတဲ့စနစ်ဟောင်းကို ပြောင်းလဲပြီး တီထွင်ဖန်တီးမှု၊ အနုပညာရသခံစားမှု၊ ပေါင်းသင်းဆက်ဆံမှုနှင့် ယဉ်ကျေးလိမ္မာသောနိုင်ငံသားကောင်း/သမီးကောင်းမျိုးဆက်သစ် လူငယ် လူရွယ်လေးများဖြစ်လာအောင်  သင်ကြားပေးနိုင်မယ့် စနစ်သစ်သင်ရိုးရဲ့ တတိယခြေလှမ်းဖြစ်တဲ့ (Grade-2)အဆင့် သင်ကြား/သင်ယူမှုစနစ်များကို ပို့ချပေးမယ့် သင်တန်းဖြစ်ကြောင်း၊ ယခု သင်တန်းသည် လာမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်း Grade-2 သင်ရိုးသစ်ကို သင်ကြားနိုင်ရန် ပို့ချပေးမှာဖြစ်ကြောင်း၊ ဆရာ/မများအနေဖြင့်လည်း မိမိတို့တစ်ဦးချင်းစီ၏ အရည် အသွေးကိုမြှင့်တင်ရန်လိုအပ်ပြီး သင်ရိုးညွှန်တမ်းများကို လပိုင်းမာတိကာနှင့်အညီ သင်ကြားပြသ နိုင်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
    ထိုနောက် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနောင်က လမ်းညွှန်အမှာ  စကားပြောကြားပြီး ထားဝယ်ပညာရေးကောလိပ်မှ ကထိက ဒေါ်အေးအေးချိုက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
    သင်တန်းတွင်ထားဝယ်ပညာရေးကောလိပ်မှ ကထိက ဒေါ်အေးအေးချို ပါနည်းပြ(၁၂)ဦး က သင်တန်း သား/သင်တန်းသူ (၈၈)ဦးအားGrade-2(သင်ရိုးသစ်)နှင့်ပတ်သက်၍ ဧပြီလ ၁၂ ရက်ထိ သင်ကြားပို့ချရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။
ပေးပို့သူ - ဦးကျော်ကျော်လတ် (ထားဝယ်ခရိုင်ပြန်/ဆက်)