Follow Us

တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲ့မှု၏ (၃/၂၀၁၈)လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တနင်္သာရီတိုင်းဒေသကြီးမြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏(၃/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Thu, 03/29/2018 - 17:44

ထားဝယ် မတ်လ ၂၉
၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ နေ့လည် ၂ နာရီအချိန်၌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့၏(၃/၂၀၁၈)လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တနင်္သာရီတိုင်းဒေသကြီးမြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံ ခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ (၃/၂၀၁၈)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီးမြေလွတ်၊မြေလပ် နှင့်မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဌဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီး ဦးမြင့်စန်း၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းမြေများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ရန်လို ကြောင်း၊ စွန့်လွှတ်မြေများကို ပိုင်ရှင်များထံသို့ လက်ဝယ်ရောက်ရှိရေးနှင့် တက္ကသိုလ်နယ်မြေအတွင်းရှိ မြေများ နှင့်ပတ်သက်၍ လျော်ကြေးငွေပေးအပ်ခြင်းအား အမြန်ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းမှ တိုင်းဒေသကြီးအတွင်း မြေယာကိစ္စများစိစစ်မှုအခြေအနေနှင့် လယ်ယာမြေ အငြင်းပွားမှုများပြဿနာများနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။ 
ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနမှူးမှ လယ်ယာမြေစီမံခန့်ခွဲ မှုဆိုင်ရာကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီးနောက် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်နှင့် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောလုကာတို့မှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောအဖွဲ့ဝင်များမှ အသီးသီး ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်းအားမြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးရန်နှင့် မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများကို လုပ်ပိုင်ခွင့် လျေှက်ထားလာပါက တိုင်းဒေသကြီးလယ်ယာမြေ နှင့်စာရင်းအင်းဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးရန်၊  တိုင်းဒေသကြီးစိုက်ပျိုးရေး လုပ်ငန်းမှ စိုက်ပျိုးမြေဟုတ်/ မဟုတ်စိစစ်ရန်အတွက် လည်းကောင်း၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သစ်တောမြေအတွင်း ပါဝင်မှုရှိ/မရှိစိစစ်ရန် အတွက် လည်းကောင်း၊ မြေပြင်ကွင်းဆင်းစိစစ်ရန်လိုကြောင်း၊ ကုမ္ပဏီများ၏ စိုက်ပျိုးခြင်းမရှိသောမြေများအား ဒေသခံ များမှလုပ်ကိုင်ခွင့် တရားဝင်လျှောက်ထားလာပါက မြေပြင်ကွင်းဆင်း ၍လုပ်ပိုင်ခွင့်နေရာမထပ်စေရေး စိစစ်သွားရန် နှင့် မြေယာကိစ္စများတွင် သက်ဆိုင်ရာဌာနများအနေဖြင့် အဆင့်ဆင့်တာဝန်ယူ၊ တာဝန်ခံစေလိုကြောင်း ပြောကြား ခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ(၃)နာရီ (၃၀) မိနစ်အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။