Follow Us

ခရီးသွားနှင့်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဟောပြောပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

Mon, 03/26/2018 - 13:41

ကော့သောင်း  မတ်လ ၂၆ 
    ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာဟောပြောပွဲကို မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီတွင် ကော့သောင်းမြို့ ဗစ်တိုးရီးယားကလစ်ဟိုတယ်ခန်းမ၌် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ တိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပွဲတော်ကျင်းပရေး ကော်မတီဝင်များ၊  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ အလှူရှင် များ တက်ရောက်ခဲ့သည်။
    အခမ်းအနား အစီအစဉ်ပထမပိုင်းအဖြစ် ခရီးသွားနှင့်ရင်းနှီးမြုပ်နှံမှုဆိုင်ရာဟောပြောပွဲအား ကျင်းပရာ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရင်းနှီးမြုပ်နှံမှု နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်၊ ဥပဒေဆိုင်ရာသိသင့်သည်များ၊ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ရုံးလုပ်ငန်းပိုင်း၊ ကုမ္ပဏီများတည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအားလည်းကောင်း၊ မြိတ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ပါမောက္ခဒေါက်တာနန်းမြဟန်က Export Marine Resources as Valued Added Products in Tourism Business and Conservation  needs for marine Resources ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ တွဲဘက်အတွင်းရေးမှူး ဦးစိုးမြင့်က Benefits of Sustainable Coastal Tourism ခေါင်းစဉ်ဖြင့်လည်းကောင်း၊ OIKOS အဖွဲ့ မှ  Mr.Paul Rodger က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှုနှင့် ကောင်းကျိုး/ ဆိုးကျိုးများအကြောင်း အသီးသီးဟောပြော ကြပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်မှ ဟောပြောသည့်ပုဂ္ဂိုလ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
    ယင်းနောက် အခမ်းအနား အစီအစဉ်ဒုတိယပိုင်းအဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ကာ မတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့သည့် ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှုပွဲတော်ပိတ်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အမှာစကားပြောကြားပြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 
    ထို့နောက် ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှုပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီပံ့ပိုးပေး ကြသည့် အလှူရှင်များအား ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှု ပွဲတော်အား အောင်မြင်စွာ
ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ပေးပို့သူ   -   ကျော်စိုး(ကော့သောင်း)