Follow Us

ခရီးသွားနှင့်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ Business Matching အစည်းအဝေးကျင်းပ

Mon, 03/26/2018 - 13:18

ကော့သောင်း  မတ်လ ၂၆
    ခရီးသွားနှင့်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ Business Matching အစည်းအဝေးတစ်ရပ်ကို မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့ ဗစ်တိုးရီးယားကလစ်ဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွား လုပ်ငန်း အဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ သည်။
    အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ခရီးသွားလုပ်ငန်းအရှိန်ရနေပြီဖြစ်သည့်အတွက် နိုင်ငံတော်မှ ဖြေလျော့သင့်သည်များ ဖြေလျော့ပေးနေကြောင်း၊ ဒေသလုပ်ငန်းရှင်များအပြင် ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် အခြားဆက်စပ်လုပ်ငန်းရှင်များအနေဖြင့် ဒေသပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဝိုင်းဝန်းပြင်ဆင်ထားကြစေလိုကြောင်း၊ မိမိတို့လုပ်ငန်းများ လုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး၊ ဒေသရိုးရာယဉ်ကျေးမှုဓလေ့များ မတိမ်ကော မပပျောက်စေရေး၊ နိုင်ငံပြယုဂ် မကျဆင်း စေရေး ဂရုပြုကြစေလိုကြောင်း၊ မိမိလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများ၏  ခွင့်ပြုချက်အဆင့်ဆင့်ဖြင့် စည်းစနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း၊  ရေမြေတောတောင်များသည် နိုင်ငံတော်နှင့် ပြည်သူများ ပိုင်ဆိုင်သည်ဖြစ်၍ ပြည်သူများအား မျက်နှာမူ ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှတဆင့် သက်ဆိုင်ရာအဖွဲ့အစည်းမျာသို့ တင်ပြ၍ ပြည်သူနှင့် အစိုးရ ဟန်ချက်ညီစွာ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒေသတွင်းလေဆိပ်များ အဆင့်မြှင့် တင်ရန်  ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းနေဖြင့် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ မကြာမီ ပြည်ပရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာမည့် အလားအလာကောင်းများရှိသဖြင့် ကြိုတင်ပြင်ဆင် ညီညွှတ်မှုဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားပြောကြားခဲ့သည်။
    ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်မှ  ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းလုပ်ကိုင်သူများ သဘာဝပတ်ဝန်းကျင်အား ဝိုင်းဝန်း ထိန်းသိမ်းစေလိုကြောင်း၊ အထူးသဖြင့် ကော့သောင်းဒေသသည် ပင်လယ်အခြေပြု ခရီးသွားလုပ်ငန်း ဖြစ်၍ ပင်လယ်အတွင်းအမှိုက်စွန့်ပစ်မှု မဖြစ်ပေါ်ရေး၊ ရေအောက်သယံဇာတများ မပျက်စီးစေရေး လုပ်ငန်းရှင်များအပါအဝင် ဒေသပြည်သူများပါ ပူးပေါင်းထိန်းသိမ်းကာ နောင်မျိုးဆက်များအား ကောင်းမွေ များ လက်ဆင့်ကမ်းနိုင်ရန် မျှော်လင့်ကြောင်း၊ ကော့သောင်းဒေသအတွင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် သည့် ဒေသရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြတိုက်တစ်ခု ဖြစ်ပေါ်လာရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း၊ ရေဆိပ်လေဆိပ်များ ဗီဇာဆိုင်ရာကိစ္စရပ်များ လွယ်ကူအဆင်ပြေစေရေး အဆင့်ဆင့်တင်ပြ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ဖြေလျော့ရမည့် ကိစ္စ ရပ်များအား ဖြေလျော့ပေးလျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
         ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က တက်ရောက်လာသည့် ခရီးသွားလုပ်ငန်းရှင် များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏  သိလိုသည့် မေးမြန်းချက်များ အား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
ပေးပို့သူ   -   ကျော်စိုး(ကော့သောင်း)