Follow Us

ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှုပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

Mon, 03/26/2018 - 13:11

ကော့သောင်း မတ် ၂၆  
    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှုပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာ (၃) မိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ကြီးများ၊ သံတမန် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြသည်။
    ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနား ပထမပိုင်းအစီအစဉ်အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံ ဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့က ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှုပွဲတော်မုခ်ဦး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
    ယင်းနောက်  အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အဖြစ် ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပ ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဖွင့်မိန့်ခွန်း ပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
    ဆက်လက်၍ ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ကြီး များ၊ ဧည့်သည်တော်ကြီးများအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်မှ အမှတ် တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပွဲတော်တွင် ပါဝင်ကူညီ ဧည့်ခံဖျော်ဖြေပေးကြသည့် မြန်မာ့ရိုးရာနှင့် ထိုင်းရိုးရာအကအဖွဲ့များ၊ ထားဝယ်ရိုးရာအကအဖွဲ့၊ ဆလုံ ရိုးရာအကအဖွဲ့များအား ဂုဏ်ပြုအမှတ်တရပန်းစည်း ပေးအပ်ခဲ့သည်။
    ယင်းနောက် မြန်မာ့ရိုးရာနှင့် ထိုင်းရိုးရာ ယဉ်ကျေးမှုအကများ၊ ထားဝယ်ရိုးရာအက၊ ဆလုံရိုးရာ အကများဖြင့် သီဆိုကပြဧည့်ခံဖျော်ဖြေကြပြီး ဧည့်သည်တော်ကြီးများက ပွဲတော်အတွင်း ခင်းကျင်းပြသ ထားသည့် ရင်းနှီးမြုပ်နှံမှု ခရီးသွားလုပ်ငန်းများနှင့် သက်ဆိုင်သောပြခန်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပြခန်း၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနပြခန်း၊ ဆလုံရိုးရာ ယဉ်ကျေးမှုပြခန်း၊ ထိုင်းခရီးသွားကုမ္ပဏီပြခန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များပြခန်း၊ ထားဝယ် ခရိုင်နှင့် မြိတ်ခရိုင်ဒေသပြခန်း၊ သစ်တောနှင့် ပုလဲမွေးမြူရေးပြခန်း၊ ဒေသတွင်း နိုင်ငံတကာအဆင့်မီ အပန်းဖြေကျွန်းပြခန်းများ၊ ဒေသတွင်းအခြားစီးပွားရေးလုပ်ငန်းရှင်များပြခန်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်အခြားပြခန်းများ၊ ဒေသထွက်ကုန်အစားအစာ၊ အဝတ်အထည်နှင့် ဒေသရိုးရာယဉ်ကျေးမှု ပြခန်းများအား လိုက်လံကြည့်ရှုအားပေးကြပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ကော့သောင်း ဒေသပတ်ဝန်းကျင် သာယာလှပသည့် ကျွန်းများသို့ လေ့လာရေးအလည်အပတ် ခရီးစဉ်အဖြစ် ပို့ဆောင် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ပေးပို့သူ   -    ကျော်စိုး (ကော့သောင်း)