Follow Us

အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၄၈)နှင့် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇၇) သင်တန်းဆင်းပွဲ ကျင်းပ

Fri, 03/23/2018 - 17:13

မြိတ် မတ် ၂၃
    နယ်စပ်ဒေသရှိတိုင်းရင်းသူလေးများ၏ ဘဝလုံခြုံမှုရှိရေး၊ စီးပွားရေးအထောက်အကူပြု အတတ်ပညာများ တတ်မြောက်စေရေး၊ တတ်မြောက်ထားတဲ့ပညာရပ်များဖြင့် အသက်မွေးဝမ်း ကြောင်းပြုပြီး မိသားစုဘ၀ တိုးတက်မြှင့်မားစေရေး ရည်ရွယ်ချက်များဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းတွင် ဖွင့်လှစ်ခဲ့သော အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၄၈)နှင့် အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၇၇)ကို မတ်လ ၂၃ ရက် နံနက် ၉ နာရီအချိန်တွင် အဆိုပါကျောင်း သင်တန်း ခန်းမ၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါသည်။
    သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းကျောင်းကျောင်းအုပ် ဒေါ်ထွန်းလှက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသော မြိတ်မြို့မှ မကေသွယ်မိုးနှင့် အခြေခံအိမ်တွင်းမှုသင်တန်းတွင် ထူးချွန်ဆုရရှိသော ပုလောမြို့မှ မနန္ဒာလင်း တို့အား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းကျောင်းကျောင်းအုပ်ကြီးက သင်တန်းသူများအား ပေးအပ်ခဲ့သည်။
    ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူ မလင်းဇာခြည်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် သင်တန်းသူ များ၏ သင်တန်းဆင်းလက်ရာများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ သင်တန်းကို မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်အတွင်းမှ အခြေခံအိမ်တွင်းမှုသင်တန်းသူ(၃၃)ဦး၊ အဆင့်မြင့် စက်ချုပ်သင်တန်းသူ(၁၃)ဦး၊ စုစုပေါင်း(၄၆)ဦးအား သင်တန်းကျောင်းမှ စာတွေ့လက်တွေ့ ပညာရပ် များကို ရက်သတ္တ(၁၄)ပတ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
    မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ အခြေခံအိမ်တွင်းမှုသင်တန်း(၁)မှ (၇၆) အထိ သင်တန်းသူ(၃၁၅၅)ဦး၊ အဆင်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၁)မှ (၄၇)ထိ သင်တန်းသူ (၄၂၀)ဦး၊ စုစုပေါင်း (၃၅၇၅)ဦး သင်တန်းဆင်းခဲ့ပြီးဖြစ်ကာ သင်တန်းဆင်းပြီး သင်တန်းသူများထဲမှ (၁၇၁၉)ဦးသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။     
ပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )