Follow Us

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန

Thu, 09/08/2016 - 15:15

Vertical Tabs

About Topic

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနလုပ်ငန်းတာဝန်များ
(က) အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေး ဝမ်းကျောင်းပညာသင်တန်းများ ပို့ချခြင်း၊    
(ခ) အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေနှင့်အညီ အသေးစားစက်မှု လက်မှုလုပ်ငန်းများကို မှတ်ပုံတင်ပေးခြင်းနှင့်ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း၊
(ဂ) ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး၊ နည်းပညာနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးခြင်း၊    
(ဃ) သမဝါယမအသင်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို စက်မှု လက်မှုပိုင်းဆိုင်ရာ နည်းပညာနှင့် ကျွမ်းကျင်မှုအကူအညီများပေးခြင်း၊
(င) သမဝါယမအသင်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထူထောင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် ပစ္စည်းအရည်အသွေး ထိန်းသိမ်းမြှင့်တင်နိုင်ရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊    
(စ) နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းစသည်များနှင့် ပူးပေါင်းဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း၊    
(ဆ) ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးတို့အတွက် ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်ခု အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊    
(ဇ) စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်များအား ဓါတ်ခွဲစမ်းသပ်ပေးခြင်း၊
(ဈ) အသေးစားစက်မှုလက်မှုပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲများ ကျင်းပပေးခြင်း။  
 

ဦးစီးဌာန၏ လုပ်ငန်းအကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
     တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် တိုင်းဒေသကြီးအတွင်းရှိ မြို့ပြနှင့်ကျေးလက်နေပြည်သူများအတွက် အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါသည်-
    (က) ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန်၊
    (ခ ) မိသားစုဝင်ငွေတိုးပွားစေရန်၊ 
    (ဂ ) အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်၊
    (ဃ) ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန်၊
    (င ) အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊
    (စ ) ပြည်သူလူထုအတွင်း နည်းပညာပျံ့
နှံ့စေပြီး သွင်းကုန်အစားထိုးလုပ်ငန်းများ စီးပွားဖြစ်ထုတ်လုပ်လာနိုင်စရန်။  

       အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ဒေသအတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်းပေါ်ပေါက်လာစေရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်စေရေးတို့တွင် အောက်ဖော်ပြပါအသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည် -
    (၁) သစ်သီးဝလံအခြေခံ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း
    (၂) လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း
    (၃) အခြေခံလျှပ်စစ် သံဂဟေဆက်သင်တန်း
    (၄) စက်ရက်ကန်း၊ စက်ပြင်၊ စက်မောင်းသင်တန်း
    (၅) အခြေခံစက်ချုပ်သင်တန်း
    (၆) ဆပ်ပြာအမျိုးမျိုး ထုတ်လုပ်နည်းသင်တန်း
    (၇) ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း
    (၈) မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း
    (၉) အခြေခံပရိဘောဂသင်တန်း

 အဆိုပါသင်တန်းများကို အောက်ပါအစီအစဉ်ဖြင့် သင်ကြားပို့ချပါသည်-
    သင်တန်းကာလ - သက်ဆိုင်ရာသင်တန်းများအလိုက် မူတည်ပါသည်။
    သင်တန်းအချိန် - နေ့စဉ် နံနက်(၀၉၃၀) နာရီမှ ညနေ(၁၆၃၀) နာရီထိ
    သင်တန်းသားဦးရေ - (၂၀) ဦး
    သင်တန်းသား - အခြေခံပညာအလယ်တန်းအောင်မြင်သူဖြစ်ရမည်။
    အရည်အချင်း
    သင်တန်းပို့ချမည့်ပုံစံ - စာတွေ့(၃၀%)၊ လက်တွေ့(၇၀%)
    ဆက်သွယ်ရန်လိပ်စာ - တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန
    တယ်လီဖုန်းအမှတ် - ၀၅၉၂၂၆၀၉

    တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို (၁-၁-၂၀၁၅) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း(၅)ကြိမ်၊ အခြေခံပရိဘောဂသင်တန်း(၁)ကြိမ်၊ သစ်သီး ဝလံအခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၄)ကြိမ်နှင့် အခြေခံစက်ချုပ်သင်တန်း(၁)ကြိမ်တို့ကို ဖွင့်လှစ်နိုင်ခဲ့သည်။
    အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ဒေသအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများကို မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိရာ မည်သည့်အသေးစားစက်မှုလက်မှုလုပ်ငန်းမဆို ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း(သို့) ပြုပြင်မွမ်းမံသည့် လုပ်ငန်းများအတွက် လျှပ်စစ်အသုံးပြုသည့် မြင်းကောင်ရေ (၀.၂၅)နှင့်အထက်၊ (၅)ကောင်အားနှင့်အောက်၊ (၅/၆)အင်ဂျင် အသုံးပြုသည့် အလုပ်သမား(၉)ဦးထက်မပိုသော အိမ်တွင်း စက်မှုလုပ်ငန်းနှင့် အလုပ်သမား(၃)ဦးနှင့်အထက်ရှိသော အိမ်တွင်းလက်မှုလုပ်ငန်းများ ဖြစ်သည့်အောက်ဖော်ပြပါ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါသည် -
     (၁) သစ်အခြေပြု အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းသုံး ပရိဘောဂလုပ်ငန်း
     (၂) ကျောက်စိမ်းဖြတ်သွေးလုပ်ငန်း
     (၃) ပန်းချီလုပ်ငန်း
     (၄) ပန်းပုလုပ်ငန်း
     (၅) ဓါတ်မြေသြဇာလုပ်ငန်း
     (၆) အမှုန့်ကြိတ်၊ အခွံချွတ်လုပ်ငန်း
     (၇) သဘာဝသစ်သီးယိုမျိုးစုံနှင့် ဖျော်ရည်လုပ်ငန်းများ
     (၈) ဂျယ်လီလုပ်ငန်းများ
     (၉) လောင်စာတောင့်လုပ်ငန်း
    (၁၀) သံသေတ္တာလုပ်ငန်း
    (၁၁) တိုင်းရင်းဆေးဝါးလုပ်ငန်း
    (၁၂) ကားလေကာမှန်လုပ်ငန်း
    (၁၃) သံပန်းသံတံခါးလုပ်ငန်း
    (၁၄) အလူမီနီယံတပ်ဆင်မှုလုပ်ငန်းများ
    (၁၅) တွင်ခုံလုပ်ငန်း
    (၁၆) ဝရိန်ဆော်လုပ်ငန်း
    (၁၇) ရွှေပန်းတိမ်လုပ်ငန်း
    (၁၈) ငွေပန်းတိမ်လုပ်ငန်း
    (၁၉) သံဖြူလုပ်ငန်း
    (၂၀) ဆေးမှုတ်၊ ဆေးသုတ်လုပ်ငန်း
    (၂၁) ကော်ရည်နှင့် ဘိုင်ဒါလုပ်ငန်း
    (၂၂) ရက်ကန်းလွန်းရိုက်မောင်းတံလုပ်ငန်း
    (၂၃) မီတာဘုတ်ခုံလုပ်ငန်း
    (၂၄) ရက်ကန်းလုပ်ငန်း
    (၂၅) အသားခြောက်လုပ်ငန်း
    (၂၆) အုတ်လုပ်ငန်း
    (၂၇) အလှကုန်လုပ်ငန်း
    (၂၈) ပလပ်စတစ်ပိုက်လုပ်ငန်း
    (၂၉) ဆပ်ပြာရည်/ဆပ်ပြာလုပ်ငန်း
    (၃၀) စက်မှုသုံးကုန်ကြမ်းပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း
    (၃၁) အထွေထွေစက်မှုလုပ်ငန်းများ
    (၃၂) လက်မှုလုပ်ငန်းစသည်များ

အဆိုပါလုပ်ငန်းများ မှတ်ပုံတင်ပြုလုပ်ရန်အတွက် လိုအပ်မည့် စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
    (၁) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ(၃)စောင်
    (၂) ပတ်စပို့အရွယ် ဓါတ်ပုံ(၅)ပုံ (အမျိုးသားဖြစ်ပါက ရှပ်အကျႌကော်လံပါရမည်၊ အမျိုးသမီးဖြစ်ပါက လက်ပြတ်အကျႌမဖြစ်စေရပါ။)
    (၃) သစ်အခြေပြုလုပ်ငန်းဖြစ်ပါက ကုန်ကြမ်းဝယ်ယူမှု ပြေစာမူရင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာနှင့် စက်အသုံးပြုဓါတ်ပုံမှတ်တမ်း
    (၄) စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်လုပ်ငန်းဖြစ်ပါက ဓါတ်ခွဲစမ်းသပ်မှုရလဒ် စသည့်စာရွက်စာတမ်းများ လိုအပ်ပါသည်။

မှတ်ပုံတင်ဆောင်ရွက်ခြင်းအတွက် ကုန်ကျစရိတ်မှာ အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါသည်-
    (၁) မှတ်ပုံတင်လျှောက်လွှာကြေး ၁၀၀၀ိ/-
    (၂) မှတ်ပုံတင်ကြေး ၁၀၀၀၀ိ/-
မှတ်ပုံတင်သက်တမ်းမှာ (၂)နှစ်ဖြစ်ပြီး (၂)နှစ်ပြည့်လျှင် သက်တမ်းတိုး ဆောင်ရွက်နိုင်ပါသည်။

နိုင်ငံတော်မှ အသိအမှတ်ပြုလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောက်ပါအကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ပါသည်-
    (၁) မိမိလုပ်ငန်းတိုးတက်ရန်နှင့် အရည်အသွေးမြှင့်တင်နိုင်ရန် ဦးစီးဌာနမှ သတ်မှတ်ချက်ဖြင့် လွှဲပြောင်းပေးသော နည်းပညာများကို ရယူနိုင်ခြင်း၊
    (၂) မိမိထုတ်လုပ်သော စံချိန်စံညွှန်းမီကုန်ပစ္စည်းများကို နိုင်ငံခြားစျေးကွက်များသို့ သတ်မှတ်ချက်ဖြင့် လွှဲပြောင်းပေးသော နည်းပညာများကို ရယူနိုင်ခြင်း၊
    (၃) ပြည်ပသို့ကုန်ပစ္စည်းများ တင်ပို့ရောင်းချခြင်းဖြင့်ရရှိသော နိုင်ငံခြားငွေများကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ကုန်ကြမ်း၊ စက်နှင့် စက်အရန်ပစ္စည်းများ ဝယ်ယူခွင့်ရှိခြင်း၊
    (၄) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လေ့လာခြင်း၊ ဆွေးနွေးပွဲတက်ရောက်ခြင်း၊ သင်တန်းများတက်ရောက်နိုင်ခြင်း၊
    (၅) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ပြည်ပမှကျွမ်းကျင်သူများ၏ အကူအညီများ ရယူနိုင်ခြင်း၊
    (၆) ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် ချေးငွေများ၊ အထောက်အပံ့များ ရယူနိုင်ခြင်း၊
    (၇) ဦးစီးဌာနနှင့်အစိုးရဌာနများက အခါအားလျော်စွာ သတ်မှတ်ပေးသော အခြားအခွင့်အရေးများ ခံစားခွင့်ရှိခြင်း၊
    (၈) လုပ်ငန်းမှတ်ပုံတင်ခြင်းဖြင့် မြို့နယ်၏ G.D.P ကိုလည်း တိုးတက်စေခြင်း၊
    (၉) လုပ်ငန်းမှတ်ပုံတင်ခြင်းဖြင့် မိမိကုန်ပစ္စည်းများကို လွတ်လပ်စွာ ရောင်းချနိုင်ခြင်း၊ 
   (၁၀) ရေဒီယို၊ ရုပ်မြင်သံကြား စသည်တို့၌ တရားဝင်ကြော်ငြာခွင့်ရှိခြင်း၊
စသည့် အကျိုးကျေးဇူးများ ရရှိခံစားရမည် ဖြစ်ပါသည်။

      တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ဦးစီးဌာနတွင် အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်လျှောက်ထားလာသည့် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်များမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား ကွင်းဆင်းစိစစ်ခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းနှင့် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)သို့ တင်ပြဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

Office Address and Location Map
Office Address and Location Map: 

မျှော်အင်းလမ်းသွယ်၊ ညောင်ရမ်းတောင်ရပ်၊ 

တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး(ပထမထပ်)၊

ထားဝယ်မြို့

ဖုန်း - ၀၅၉၂၂၆၀၉

Location Map: