Follow Us

အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေသော အသံဆူညံ အိပ်ဇောများ ဖျက်ဆီး

Fri, 12/29/2017 - 15:18

မြိတ် ဒီဇင်ဘာ ၂၉ 
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂၀၁၇ခုနှစ်အတွင်း မော်တော်ဆိုင်ကယ်တွင် စည်းကမ်းမဲ့ အသံ ဆူညံအိပ်ဇောများ တပ်ဆင်မောင်းနှင်မှုများကို စစ်ဆေးအရေးယူဆောင်ရွက်ပြီး ဖြုတ်ယူသိမ်းဆည်းခဲ့သည့် အသံဆူညံအိပ်ဇောမျိုးစုံအား ဒီဇင်ဘာလ ၂၈ ရက်၊ ညနေ ၄ နာရီအချိန်တွင် မြိတ်မြို့၊ ကမ်းနားလမ်းရှိ Myeik Shopping Center အရှေ့တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်နင်းဖျက်ဆီးခဲ့ပါသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျမှ ယာဉ်မောင်းနှင်သူများအနေဖြင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း လိုက်နာမောင်းနှင်ကြရန်လိုကြောင်းနှင့် မိမိ၏မဆင်မခြင်မောင်းနှင်မှုကြောင့် အများပြည်သူများ ထိခိုက်နစ်နာ မှုမျိုးမဖြစ်စေရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာခြင်းဖြင့် ဒေသ၏ဂုဏ်သိက္ခာ မြင့်တင်နိုင်မည်ဖြစ် ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးမှ ဒေသအတွင်းယာဉ်အန္တရာယ်ဖြစ် ပွားမှု လျှော့ချနိုင်ရေးနှင့် ဒေသခံပြည်သူများစိတ်အနှောင့်အယှက်မဖြစ်စေရေးအတွက် ရည်ရွယ်ကာ ယခုကဲ့သို့ ဆူညံအိပ်ဇောများကို ဖမ်းဆီးဖျက်ဆီးရခြင်းဖြစ်ကြောင်း၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် မြိတ်ခရိုင် အတွင်း၂၀၁၇ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ(၂၅)ရက်အထိ ယာဉ်တိုက်မှု (၂၀၀) ခန့်ဖြစ်ပွားခဲ့ပြီး အမျိုးသား (၆၄)ဦး၊ အမျိုးသမီး(၁၁)ဦး သေဆုံးခဲ့ရကြောင်း၊ ယဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)မှ စစ်ဆေးအရေးယူဖြုတ်သိမ်းခဲ့သည့် ဆူညံအိပ် ဇော(၂၀၀)ချောင်း (ကာလတန်ဖိုးငွေ ကျပ်သိန်း ၈၀ ခန့်)အား ၂၀၁၈ခုနှစ်၊ နှစ်သစ်ကိုကြို ဆိုသောအားဖြင့် လမ်းကြိတ်စက်ဖြင့် ကြိတ်နှင်းဖျက်ဆီးခဲ့ကာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးပြဘုတ်များ၊ မူးယစ် ဆေးဝါးအန္တရာယ်အသိပညာပေးနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးပြဘုတ်များကို ပြသခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
ရိုက်ကူးပေးပို့သူ - ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)