Follow Us

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

Thu, 09/08/2016 - 13:14

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်စတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း 
၁။    ၁၇၅၅ ခုနှစ်တွင် အလောင်းဘုရားသည် ဒဂုံကို ရန်ကုန်ဟူ၍ အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့သည့်အချိန်မှစ၍ ရန်ကုန်မြို့သည် ဆိပ်ကမ်းမြို့အဖြစ် တိုးတက်စည်ကားလာခဲ့ပါသည်။၁၈၅၂ ခုနှစ် အောက်မြန်မာပြည်ကို အင်္ဂလိပ်များသိမ်းယူပြီးနောက် ရန်ကုန်ဆိပ်ကမ်းကို ရေကြောင်းအရာရှိချုပ်အား အုပ်ချုပ်စေခဲ့ပြီး၊ ၁၈၇၂ ခုနှစ်တွင် မြစ်ကမ်းနားကော်မတီအား ပြောင်းလဲအုပ်ချုပ်စေခဲ့ပါသည်။ ၁၈၇၉ ခုနှစ်တွင် ရန်ကုန်ဆိပ်ကမ်းအက်ဥပဒေကိုပြဌာန်းခဲ့ပြီး၊ ၁၈၈ဝ ခုနှစ်တွင် ရန်ကုန်ရေဝန်မင်းကြီးများအဖွဲ့ ပေါ်ပေါက်ခဲ့ပါသည်။ ရန်ကုန်ဆိပ်ကမ်း ကို ယင်းအဖွဲ့မှ အုပ်ချုပ်ခဲ့ပါသည်။ ၁၉၀၅ ခုနှစ်တွင် ရန်ကုန်ဆိပ်ကမ်းအက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ဆိပ်ကမ်းအား (၂၂-၁၀-၁၉၁၈)ခုနှစ်တွင် လည်းကောင်း၊ ထားဝယ်ဆိပ်ကမ်းအား (၁၃-၁၁-၁၉၁၇)ခုနှစ်တွင်လည်းကောင်း စတင်ဖွင့်လှစ်ခဲ့ပြီး၊ သက်ဆိုင်ရာဆိပ်ကမ်းအရာရှိများ ခန့်အပ်၍ ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။ (BURMA  OUTPORTS  ACT, 1914 (II  OF  1914)  AND A COLLECTION  OF  RULES  AND  ORDERS  SPECIALLY  CONCERNING  THE PORT  OF  MERGUI, TAVOY) အရ ဆိပ်ကမ်းနယ်နိမိတ်များ သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ၁၉၄၃ ခုနှစ်တွင် ရန်ကုန်ဆိပ်ကမ်းအရေးပေါ်အက်ဥပဒေကို ပြဌာန်းခဲ့ပြီး၊ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်ဆိပ်ကမ်းပြင်ဆင်ချက်ဥပဒေကို ပြဌာန်းခဲ့ရာ ထိုပြင်ဆင်ချက်အက်ဥပဒေအရ ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့ ပေါ်ပေါက်ခဲ့ပါသည်။
၂။    ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် မြိတ်ဆိပ်ကမ်း၊ ထားဝယ်ဆိပ်ကမ်းများအားအပြင် (၆-၄-၁၉၆၅)ခုနှစ်တွင် ကော့သောင်းဆိပ်ကမ်းအား တိုးချဲ့ဖွင့်လှစ်၍ ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့လက်အောက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။ ၁၉၇၂ခုနှစ်၊ အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်မှုအစီအစဉ်အရ (၁၅-၃-၁၉၇၂)နေ့စွဲပါ တော်လှန်ရေး ကောင်စီကြေငြာချက်အမှတ်(၉၇)နှင့် (၁၆-၃-၁၉၇၂)ရက်နေ့စွဲပါ ပို့ဆောင်ရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ်(၁)တို့ဖြင့် ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့ကို မြန်မာ့ဆိပ်ကမ်း ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၃၀-၃-၁၉၈၉)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့် ကြေငြာစာအမှတ်(၂၈၉)အရ မြန်မာ့ဆိပ်ကမ်းကော်ပိုရေးရှင်းအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဟု အမည်ပြောင်းလဲခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းဆိပ်ကမ်းများသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ပြင်ပဆိပ်ကမ်းများအဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။
၃။    ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့လက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြေငြာစာအမှတ်(၆၉/၂၀၁၂)အရ ဥပဒေနှင့်အညီ စီးပွားရေးဆန်ဆန် ဆောင်ရွက်ရန် တရားဝင်လုပ်ပိုင်ခွင့်များအပ်နှင်းပေးထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မိမိဝင်ငွေဖြင့် မိမိရှာဖွေရပ်တည် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ပို့ဆောင်ရေးဝန်ကြီးဌာန၏ လက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော ဌာနကြီးတစ်ခု ဖြစ်ပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးဆိပ်ကမ်းအရာရှိရုံး
ဆိပ်ကမ်းရုံးလမ်း၊ ဆိပ်ငယ်ရပ်၊
မြိတ်မြို့
ဖုန်း - ၀၅၉-၄၁၀၁၁၊ ၀၅၉-၄၁၆၅၂၊
      ၀၉၂၅၇၆၀၂၉၀၂
Fax  - ၀၅၉-၄၁၆၅၃
ထားဝယ်ဆိပ်ကမ်းအရာရှိရုံး
ကြက်စားပြင်ရပ်ကွက်၊ ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၀၀၄
ကော့သောင်းဆိပ်ကမ်းအရာရှိရုံး
အေးရိပ်ငြိမ်ရပ်ကွက်၊ ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၁၅၇၆