Follow Us

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

Thu, 09/08/2016 - 12:23

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

ရန်ကုန်စည်ပင်သာယာအဖွဲ့(Rangoon Development Trust) ဖွဲ့စည်းခြင်း

    ၁၈၅၂ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ကြီးအပြီး ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးဒေသရှိ မြေအားလုံးကို အစိုးရပိုင်မြေအဖြစ် အမိန့်ထုတ်ပြန်ပြီး မြို့ကွက်ရိုက်၍ ရန်ကုန်မြို့ကို စတင်တည်ထောင်ခဲ့ပါသည်။
    ရှေးဦးစွာ အဆောက်အအုံများ ဆောက်လုပ်ရန် မြေပိုင်မြေအခွင့်အရေးပေး၍၊ မြေများရောင်းချခဲ့ပြီး၊ ၁၈၇၂ ခုနှစ်မှစ၍ မြေငှားချထားခြင်း(ဂရမ်)စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ မြေစီမံခန့်ခွဲမှုကို မြို့တော်တရားသူကြီး(Town Magistrate)က တာဝန်ယူခဲ့ပါသည်။
   ၁၈၇၄ ခုနှစ်တွင် ရန်ကုန်မြူနီစီပါယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၈၉၀ ပြည့်နှစ်တွင် ရန်ကုန်ခရိုင်ဝန်သည် မြူနီစီပါယ်ဥက္ကဌတာဝန်ကိုလည်းကောင်း၊ ရန်ကုန်မြေစီမံခန့်ခွဲသည့် ကော်လိတ္တော်တာဝန်ကို လည်းကောင်း ပူးတွဲ၍ ထမ်းဆောင်ခဲ့ပါသည်။
   ၁၉ဝ၇ ခုနှစ်တွင် ထိုကဲ့သို့တစ်ဦးတည်းမှ တာဝန်နှစ်ရပ်ထမ်းဆောင်ရခြင်းကို ရပ်ဆိုင်း၍ မြူနီစီပါယ်ဥက္ကဌတစ်ဦး၊ ရန်ကုန်မြို့မြေစီမံခန့်ခွဲရေးလုပ်ငန်းဆောင်ရွက်ရန် ခရိုင်ဝန်(ကော်လိတ္တော်)တစ်ဦး သီးခြားခန့်ထားတာဝန်ပေးအပ်ခဲ့ပါသည်။ ကော်လိတ္တော်အရာရှိက ရန်ကုန်မြေကို စီမံခန့်ခွဲမှုတာဝန်ယူရပါသည်။ ၄င်းမှ မြေရောင်းခြင်း၊ ငှားရမ်းခြင်းနှင့် ကောက်ခံရရှိသော မြေငှားခရငွေများမှ စီမံခန့်ခွဲမှု အသုံးစရိတ်ကို နှုတ်ပယ်ပြီး ကျန်ငွေကို မြူနီစီပါယ်သို့ အပ်နှံရပါသည်။ မြူနီစီပါယ်သည် အဆိုပါငွေဖြင့် မြို့တိုးချဲ့မှုလုပ်ငန်းကို ကျခံဆောင်ရွက်ပေးရပါသည်။
    ၁၉၀၈ ခုနှစ်တွင် မြူနီစီပါယ်ဥက္ကဌက ရန်ကုန်မြေစီမံခန့်ခွဲခြင်းနှင့်တကွ မြို့တိုးချဲ့မှုလုပ်ငန်းများကို သီးခြားအဖွဲ့တစ်ရပ်ဖြင့် ဆောင်ရွက်တင်ပြခဲ့ပါသည်။
    ၁၉၂၁ ခုနှစ်တွင် ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ရန် (Rangoon Development Trust) သီးခြားဖွဲ့စည်းခဲ့ပါသည်။
    ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရသည်မှ ၁၉၅၁ ခုနှစ်ထိ၊ ရန်ကုန်စည်ပင်သာယာအဖွဲ့ (RDT)က ၄င်း၏လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံတော်ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့်မြို့ရွာစည်ပင်ရေးအဖွဲ့ (National Housing and Town & Country Development Board)ဖွဲ့စည်းခြင်း

   ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် အိုးအိမ်အဆောက်အဦးများစွာ ပျက်စီးခဲ့၍ မြန်မာနိုင်ငံတစ်ဝန်းမြို့ကြီးများ၊ ပြည်သူများ အိမ်ရာချို့တဲ့မှုပြဿနာကိုလည်းကောင်း၊ သောင်းကျန်းမှုအန္တရာယ်နှင့် အခြား စီးပွားရေး၊ လူမှုရေးအကြောင်းများကြောင့် ကျေးလက်မှ မြို့များသို့ လူအများပြောင်းရွှေ့လာသည့်အတွက် နေရေးပြဿနာဆိုးဝါးမှုကို ရေရှည်ဖြေရှင်းရန်လည်းကောင်း၊ နိုင်ငံတော်ပြည်သူ့အိုးအိမ် ပြန်လည် ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ကို ၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။
  အဆိုပါအဖွဲ့မှ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်စည်ပင်သာယာရေးအဖွဲ့ (Rangoon Development Trust)ကိုသိမ်းသွင်းခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံပြည်သူ့အိုးအိမ်ဆောက်လုပ်ရေးကော်ပိုရေးရှင်း (Burma National Housing  Construction Corporation ) (BNHCC) ကိုသိမ်းသွင်းခဲ့ပါသည်။

အိုးအိမ်ဦးစီးဌာနဖြစ်ပေါ်လာခြင်း

    ၁၉၇၂ ခုနှစ်၊ အုပ်ချုပ်ရေးစနစ်သစ်အရ နိုင်ငံတော်ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့အမည်မှ အိုးအိမ်အဖွဲ့သို့လည်းကောင်း၊ အိုးအိမ်အဖွဲ့မှ အိုးအိမ်ကော်ပိုရေးရှင်းသို့ လည်းကောင်း၊ ၁၉၇၃ ခုနှစ်တွင် အိုးအိမ်ကော်ပိုရေးရှင်းမှ အိုးအိမ်ဦးစီးဌာနအဖြစ်လည်းကောင်း ပြောင်းလဲလာခဲ့ပါသည်။

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ်ဖွဲ့စည်းခြင်း

    ၁၉၉ဝ ပြည့်နှစ်၊ ဇွန်လ (၆) ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၄/၉၀)မှ သဘောတူခွင့်ပြုချက်အရ၊ အိုးအိမ်ဦးစီးဌာနအမည်ကို မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဟု ပြင်ဆင်ခဲ့ပါသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ်အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း

    ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅) သဘောတူဆုံးဖြတ်ချက်အရ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ် အမည်ပြောင်းလဲပြင်ဆင် ဖွဲ့စည်းလိုက်ပါသည်။

 

Office Address and Location Map: 
တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး
ဝဲကျွန်းဝန်ထမ်းအိမ်ရာဝင်း၊
တရုတ်ဘုံကျောင်းရှေ့၊ ရေးလမ်း
ဖုန်း - ၀၅၉၂၃၈၆၅
မြိတ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးရုံး
ဆိပ်ငယ်မြောက်ကွက်သစ်၊
တိုက်အမှတ်(၁၂၇)၊ ဗိုလ်ချုပ်လမ်းမ
ဖုန်း - ၀၉-၉၇၆၉၄၁၅၇၃
ထားဝယ်မြို့နယ်
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးမှူးရုံး
ဝဲကျွန်းဝန်ထမ်းအိမ်ရာတိုက်(၅)၊ အခန်း(၁)
ဖုန်း -၀၅၉၂၁၈၀၂