Follow Us

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

Thu, 09/08/2016 - 12:18

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်း
နိဒါန်း
  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားဖြစ်စဉ်ကို ပြန်လည်လေ့လာရာတွင် ကိုယ်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် ရှိစဉ်အခါကတည်းက နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားသည် မှူးကြီးမတ်ရာ၊ သေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစားစသည်တို့ကို မဏ္ဍိုင်ပြု၍ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ထို့နောက် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့မှ မြန်မာနိုင်ငံကို သိမ်းယူခဲ့ပြီး ၄င်းတို့အလိုကျ ကိုလိုနီစနစ်အုပ်ချုပ်ရေးကို သွတ်သွင်းအုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်ကပင် အုပ်ချုပ်ရေးယန္တရားအား ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းများကို မဏ္ဍိုင်ပြု၍ လည်ပတ်စေခဲ့ရာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊ အခွန်တော်ကောက်ခံရေး၊ စည်ပင် သာယာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများကို အစိုးရအဆက်ဆက်က တာဝန်ပေးအပ်သည့်အတိုင်း ဆောင်ရွက်ခဲ့ရပါသည်။
ကိုလိုနီခေတ်မြန်မာနိုင်ငံအုပ်ချုပ်ရေး
   ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား ၁၈၂၄ ခုနှစ်၊ ပထမအကြိမ်ကျူးကျော်စစ်ပွဲတွင် ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်ခဲ့သည်မှစ၍ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး စတင်ခဲ့ပါသည်။ ရခိုင်ဒေသ၏အုပ်ချုပ်ရေးကို ဘင်္ဂလားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ထားပြီး တနင်္သာရီကိုမူ အိန္ဒိယဘုရင်ခံချုပ်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိပါသည်။ ဒုတိယကျူးကျော်စစ်ဖြစ်ပွားသည့် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တို့က ပဲခူးတိုင်းကို သိမ်းပိုက်ပြီး ရခိုင်၊ တနင်္သာရီနှင့် ပဲခူးဒေသကိုပေါင်း၍ ဗြိတိသျှမြန်မာနိုင်ငံအဖြစ်ဖွဲ့စည်းကာ ဝန်ရှင်တော်မင်းကြီး (Commissioner) က အုပ်ချုပ်ပါသည်။ ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး အထက်မြန်မာနိုင်ငံကိုပါ ဗြိတိသျှတို့က သိမ်းပိုက်လိုက်ပါသည်။ ထိုကာလအတွင်း မြန်မာ့လွှတ်တော်ကို မဖျက်သိမ်းဘဲ ကင်းဝန်မင်းကြီး ဦးကောင်းနှင့်ပူးပေါင်း၍ ၁၈၈၆ ခုနှစ်၊ မတ်လအထိ စစ်အုပ်ချုပ်ရေးအသွင်ဖြင့် အုပ်ချုပ်ခဲ့ပါသည်။ ထို့နောက် အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံကိုပေါင်းပြီး အိန္ဒိယဘုရင်ခံချုပ်ကခန့်အပ်သော မဟာဝန်ရှင်တော်မင်းကြီး (Chief Commissioner)က အုပ်ချုပ်ခဲ့ပါသည်။ ၁၈၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား ဒုတိယဘုရင်ခံချုပ် အုပ်ချုပ်သည့် ပြည်နယ်အဖြစ် တိုးမြှင့်လိုက်ပါသည်။ ၁၉၀၈ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းဝန်များရုံး “ကိုဓ” ဥပဒေကို ပြဌာန်း၍ ၄င်းဥပဒေအရ အတွင်းဝန်ချုပ်သည် အစိုးရအဖွဲ့ကို တာဝန်ခံ၍ အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို ဒိုင်အာခီမတိုင်မီအုပ်ချုပ်ရေး၊ ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေးဟူ၍ ကာလ (၃)ပိုင်းခွဲခြားနိုင်ပါသည်။
ပါလီမန်ဒီမိုကရေစီခေတ်အုပ်ချုပ်ရေး
    ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးကိုကြေညာ၍ ပြည်ထောင်စု မြန်မာနိုင်ငံကို ထူထောင်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိကာလသည် ဖဆပလခေတ် ပါလီမန်အုပ်ချုပ်ရေးကာလဟု သတ်မှတ်နိုင်ပါသည်။ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုကိစ္စအဝဝကို ဆောင်ရွက်ရန်ဝန်ကြီးဌာနများ (Functional Ministries)များ ဖွဲ့စည်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာနလည်းပါဝင်၍ ဝန်ကြီးဌာနတစ်ခုချင်းအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် အတွင်းဝန်များရုံးကိုလည်း ဖွဲ့စည်းထားပါသည်။ ပြည်မတွင် နိုင်ငံတော်အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာနက အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကို အမာခံထား၍ စီမံခန့်ခွဲပါသည်။ ဝန်ကြီးသည် အုပ်ချုပ်ရေးလုပ်ငန်းဆိုင်ရာ “မူဝါဒ”များ ချမှတ်ပြီး အတွင်းဝန်က လုပ်ငန်းအောင်မြင်ရေးအတွက်ကြီးကြပ်ကွပ် ကဲ၍ အကောင်အထည်ဖော်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံဝန်ထမ်း (Burma  Civil Services)များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည်ဝန်ကြီး ဌာနအသီးသီးနှင့် အတွင်းဝန်ရုံးအဖွဲ့များတွင် အတွင်းဝန်၊ ဒုတိယအတွင်းဝန်နှင့်အတွင်းဝန်ကလေးများအဖြစ်လည်းကောင်း၊ နယ်များတွင် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်၊ လက်ထောက်မြို့ပိုင်များအဖြစ်လည်းကောင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကာလတွင် ပြည်ထဲရေးဝန်ကြီးဌာန၌ အောက်ပါဌာနခွဲများဖွဲ့စည်းထားပါသည် -
(က) အထွေထွေအုပ်ချုပ်ရေးဌာနခွဲ
(ခ ) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဌာနခွဲ (မြူနီစပါယ်နှင့်ဒိစကြိတ်ကောင်စီများ)
(ဂ ) ပြည်သူ့ရဲတပ်ဖွဲ့
(ဃ) အထူးစုံစမ်းစစ်ဆေးရေးဌာနခွဲ
(င ) လူဝင်မှုကြီးကြပ်ရေးဌာနခွဲ
(စ ) အမျိူးသားမှတ်ပုံတင်ဌာနခွဲ
(ဆ) သန်းခေါင်စာရင်းဌာနခွဲ
(ဇ ) မီးသတ်ဌာနခွဲ
(ဈ ) ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲ
(ည) ရာထူးဝန်အဖွဲ့
(ဋ ) ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း
(ဌ ) သာသနာရေးဌာနခွဲ
(ဍ ) ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယဌာနခွဲ
      ၁၉၄၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးကိစ္စအဝဝကို အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် ဝန်ကြီးဌာနအချို့ကို အောက်ပါအတိုင်းတာဝန်ခံ၍ ဆောင်ရွက်ခဲ့ပါသည် -
(က) ပြည်ထဲရေးဝန်ကြီးဌာနကိုတာဝန်ခံ၍ ကျေးရွာမြို့ပြအုပ်ချုပ်ရေး(ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး) ဆိုင်ရာလုပ်ငန်းများနှင့် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများ၊

(ခ ) တရားရေးဝန်ကြီးဌာနကိုတာဝန်ခံ၍ရာဇဝတ်မှုနှင့်ပြစ်မှုကြိုတင်ကာကွယ်ရေး၊ မှုခင်းဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းများ၊
(ဂ ) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို တာဝန်ခံ၍ မြေယာအုပ်ချုပ်ရေး၊ ယစ်မျိုးအုပ်ချုပ်ရေး၊ ငွေတိုက်အုပ်ချုပ်ရေးလုပ်ငန်းများ၊
(ဃ) လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနကို တာဝန်ခံ၍ မရွှေ့မပြောင်းနိုင်သောပစ္စည်များ၊ စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းများ၊
(င ) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရဝန်ကြီးဌာနကို တာဝန်ခံ၍ မြူနီစပါယ်၊ မြို့ကော်မတီ၊ ဒိစကြိတ်ကောင်စီနှင့် ခရိုင်အုပ်ချုပ်သော ဒေသန္တရအဖွဲ့များဆိုင်ရာလုပ်ငန်းများ၊
(စ ) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုတာဝန်ခံ၍ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းနှင့် လူမှုဝန်ထမ်းလုပ်ငန်းများ၊
(ဆ) နိုင်ငံတော်အစိုးရမှ ပေးအပ်သော အခြားတာဝန်များ၊
       ၁၉၅၇ ခုနှစ်တွင် အတွင်းဝန်ချုပ်၏ တာဝန်ဝတ္တရားများကို ပြန်လည်သတ်မှတ်ရာ၌ အတွင်းဝန်ချုပ်၏ ပင်ရင်းဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအစားဝန်ကြီးချုပ်ရုံးလက်အောက်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ ယင်း သတ်မှတ်ချက်အရ ၁၉၅၈ ခုနှစ်၊ ဇွန်လ(၁၃) ရက်နေ့မှစ၍ အတွင်းဝန်ချုပ်ကို နိုင်ငံတော်ဝန်ကြီးချုပ်ရုံးလက်အောက်သို့ လွှဲပြောင်းပေးလိုက်ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အတွင်းဝန်သည် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများ၏ အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အုပ်ချုပ်မှုအာဏာအနေဖြင့် ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲဖြစ်၍ ဝန်ကြီးအဖွဲ့ကို ဦးဆောင်ပါသည်။ အစိုးရကိစ္စအရပ်ရပ်ကို ပြည်နယ်များတွင် အုပ်ချုပ်ရေးအာဏာအား အောက်ပါအတိုင်း သတ်မှတ်ကျင့်သုံးပါသည် -
(က) ပြည်မတွင် ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲပါသည်။
(ခ ) ပြည်နယ်များတွင် ပြည်နယ်ဦးစီးအဖွဲ့က စီမံခန့်ခွဲပါသည်။
(ဂ ) နယ်ခြားဒေသတိုင်း(၃)တိုင်း၊ ခရိုင်(၇)ခုနှင့် မြို့နယ်(၁၈)မြို့နယ်ကို နယ်ခြားဒေသအုပ်ချုပ်ရေးဌာနက စီမံခန့်ခွဲပါသည်။
      ၁၉၆၂ ခုနှစ်အတွင်း တော်လှန်ရေးကောင်စီအစိုးရလက်ထက်၊ ၁၉၆၂ ခုနှစ်၊ မေလ (၉)ရက်နေ့တွင် တပ်မတော်က ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအပါအဝင် လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်များတွင် ကချင်၊ ကရင်၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်များကို ဖျက်သိမ်း၍ ပြည်နယ်ဦးစီးအဖွဲ့များဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စတင်ဖွဲ့စည်းခြင်း
     မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည့်အုပ်ချုပ်ရေးစနစ်သည် အခြေခံအားဖြင့် ကိုလိုနီအုပ်ချုပ်ရေးစနစ်ကို ပြုပြင်ထားသည့် စနစ်သာဖြစ်သည့်အလျောက် တိုင်းရင်းသားလူမျိုးတို့၏အကျိုးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် ဆိုရှယ်လစ်ဒီမိုကရေစီ ယန္တရားတပ်ဆင်နိုင်ရေးအတွက် အသင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားနိုင်ရန် တော်လှန်ရေးကောင်စီသည် ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ၏ ၁၅-၃-၇၂ ရက်စွဲပါ ကြေညာချက်အမှတ် (၉၇)အရ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနအား ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ အမျိူးသား မှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်းဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီး ဌာနတို့နှင့် ပူးပေါင်းပြီး ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သီးခြားဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ယခင်ဆောင်ရွက်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်း၊ စည်ပင်သာယာရေးလုပ်ငန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ရုံးချုပ်၊ ပြည်နယ်/ တိုင်းရုံးနှင့် မြို့နယ်ရုံးများဟူ၍ အဆင့်ဆင့်ဖွဲ့စည်းပါသည်။
     အုပ်ချုပ်ရေးစနစ်သစ်အရ နယ်အုပ်ချုပ်ရေးဝန်ထမ်းများဖြစ်သော တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်မြို့ပိုင်များမှ ထမ်းဆောင်လျက်ရှိသည့် ရာဇဝတ်တရားစီရင်ရေး၊ မြေနှင့် အခွန်အုပ်ချုပ်ရေး၊ ငွေတိုက်အုပ်ချုပ်ရေး၊ စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးသို့ အောက်ပါအတိုင်း လွှဲပြောင်းပေးအပ်ခဲ့ပါသည် -
(က) ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံလုပ်ကိုင်ရသောအထွေထွေအုပ်ချုပ်ရေးနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှအပရဲလက်စွဲနှင့် လက်နက်ဥပဒေပါလုပ်ငန်းတာဝန်များကို ပြည်သူ့ရဲတပ်ဖွဲ့သို့လည်းကောင်း
(ခ ) အကျဉ်းထောင်လက်စွဲပါ လုပ်ငန်းများကို အကျဉ်းဦးစီးဌာနသို့လည်းကောင်း၊
(ဂ ) နိုင်ငံခြားသားများ မြန်မာနိုင်ငံသားဖြစ်မှု စည်းမျဉ်းဥပဒေပါလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့လည်းကောင်း
(ဃ) အထက်မြန်မာပြည် ကျောက်မျက်ရတနာစည်းမျဉ်းဥပဒေပါ လုပ်ငန်းများကို သတ္တုတွင်းဝန်ကြီးဌာနသို့လည်းကောင်း၊
(င ) စက်ရေနွေးအိုးဥပဒေပါ လုပ်ငန်းများကို အလုပ်ရုံစစ်ဆေးရေးဦးစီးဌာနသို့လည်းကောင်း၊
(စ ) စိတ္တဇရောဂါ၊ အနာကြီးရောဂါ အက်ဥပဒေပါလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနသို့လည်းကောင်း၊
(ဆ) တရားရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသောပြစ်မှုဆိုင်ရာကြိုတင်ကာကွယ်ရေး၊ ရာဇဝတ်တရားစီရင်ရေးလုပ်ငန်းများကို တရားရေးဝန်ကြီးဌာနသို့လည်းကောင်း၊
(ဇ ) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသောလုပ်ငန်းများကို ပြည်တွင်းအခွန်များဦးစီးဌာနသို့လည်းကောင်း၊
(ဈ) ငွေတိုက်နှင့် လက်အောက်ငွေတိုက်လုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်သို့လည်းကောင်း
(ည) လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသော မြေနှင့် ရွှေ့မပြောင်းနိုင်သောပစ္စည်များ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပါ လုပ်ငန်းများကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန သို့လည်းကောင်း လွှဲပြောင်းပေးခဲ့ပါသည်။
    ယင်းသို့ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များသည် အောက်ပါအတိုင်း ပြောင်းလဲသွားခဲ့ပါသည် -    
(က) မြို့ပြနှင့်ကျေးလက်ဒေသအုပ်ချုပ်ရေး
(ခ ) ကျေးလက်ဒေသဖွံ့ဖြိုးရေး
(ဂ ) စာပေစိစစ်ရေးနှင့်ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်ရေး
(ဃ) ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များ
(င ) ဦးစီးဌာနတစ်ခုလုံး၏ ဝန်ထမ်းရေးရာ၊ ငွေစာရင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းတာဝန်များ၊
(စ ) ဝန်ကြီးဌာနကပေးအပ်သည့် အခြားအထွေထွေလုပ်ငန်းတာဝန်များ
      ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းပြီးနောက် ခရိုင်အဆင့်၊ ခရိုင်ခွဲအဆင့်နှင့် မြို့နယ်ခွဲအဆင့်များကို ဖျက်သိမ်းခဲ့ပါသည်။ စီမံခန့်ခွဲရေးအဆင့်အနေဖြင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး လုပ်ငန်းပမာဏနှင့် လူဦးရေအပေါ်အခြေခံ၍ ရုံးများကို (က)အဆင့်၊ (ခ)အဆင့်၊ (ဂ)အဆင့်ဟူ၍ သတ်မှတ်ခဲ့ပါသည်။
      ၂-၃-၁၉၇၄ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့ကောင်စီဥပဒေကို ပြဌာန်း၍ ပြည်နယ်၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဆင့်ဆင့်ကို ဖွဲ့စည်းပါသည်။ ၂-၈-၁၉၇၆ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက ကြေညာချက်အမှတ် (၅/၇၆)ကို ထုတ်ပြန်၍ ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အလုပ်အမှုဆောင်အဆင့်ဆင့် အား တာဝန်နှင့်လုပ်ပိုင်ခွင့်များအပ်နှင်းခဲ့ရာ ယခင်တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်တို့၏ လုပ်ပိုင်ခွင့်များ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကိစ္စအရပ်ရပ် (သို့မဟုတ်) ဌာနဆိုင်ရာလုပ်ငန်းတာဝန်အရပ်ရပ်တို့သည် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်ထံသို့ ရောက်ရှိသွားပါသည်။
     ၁၁-၁၂-၁၉၇၆ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်ကောင်စီ၏ (၆၀)ကြိမ်မြောက်အစည်းအဝေးက ပြည်သူ့ကောင်စီအဆင့်ဆင့်၏အခြေခံရုံးများအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်ကို နိုင်ငံတော်ကောင်စီအောက်သို့ လွှဲပြောင်းပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဝန်ကြီးအဖွဲ့၏ ၁၈-၃-၁၉၇၇ ရက်စွဲပါ  အမိန့်ကြော်ငြာစာ (၃/၇၇) ဖြင့် ၁၉၇၇ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ အထွေထွေအုပ်ချုပ်ရေးရုံးအဆင့်ဆင့်သည် ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အခြေခံရုံးများအဖြစ် လွှဲပြောင်းရယူပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနတွင် ကျန်ရှိသည့်အထွေထွေဌာနခွဲ၊ စည်ပင်သာယာရေးဌာနခွဲ၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲများ၏ လုပ်ငန်းများဆောင်ရွက်ရန် ၁-၄-၁၉၇၇ ရက်နေ့မှစ၍ အထွေထွေဦးစီးဌာနဟု ပြင်ဆင်ခေါ်ဝေါ်ဖွဲ့စည်းခဲ့ပါသည်။
      ၁၈-၉-၁၉၈၈ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့ပြီး အမိန့်အမှတ် (၁/၈၈)ဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရုံးမှ ဝန်ထမ်းရာထူးအင်အား (၁၇၄)နေရာနှင့် ယခင်ပြည်နယ်/တိုင်းနှင့် မြို့နယ်ပြည်သူ့ကောင်စီရုံးများရှိ ဝန်ထမ်းရာထူး (၂၆၁၄၀)နေရာ၊ စုစုပေါင်း (၂၆၃၁၄)နေရာကို ယင်းရာထူးနေရာအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများနှင့်အတူ ၁-၁၁-၁၉၈၈ ရက်နေ့မှစ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးသည့် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄/၈၈)ဖြင့်ထုတ်ပြန်၍ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေဦးစီးဌာနကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟု ၇-၁၁-၁၉၈၈ ရက်နေ့မှစ၍ ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ယင်းကိုအစွဲပြု၍ နှစ်စဉ် နိုဝင်ဘာလ ၇ ရက်နေ့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အဖြစ် ကျင်းပလျက်ရှိပါသည်။

Office Address and Location Map: 

တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အာဇာနည်လမ်း၊ ခုံဝင်းဒပ်ရပ်ကွက်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၅၆၁

ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
လေယာဉ်ကွင်းလမ်းနှင့် အာဇာနည်လမ်းထောင့်
ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၀၀၅

မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ရုံးလမ်း၊ ဆိပ်ငယ်ရပ်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၁၃
Fax - ၀၅၉-၄၁၁၀၀

ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
ရွှေမင်းဝံဗဟိုလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊
ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၃၀၃

ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ကံံ့ကော်လမ်း၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၀၈၅

ရေဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဆေးရုံလမ်း၊ (ခ)ရပ်ကွက်၊ ရေဖြူမြို့။
ဖုန်း - ၀၅၉-၃၇၀၀၁

လောင်းလုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီဌာန
အောင်ဆန်းလမ်း၊ (ခ)ရပ်ကွက်၊ လောင်းလုံးမြို့။
ဖုန်း - ၀၅၉-၃၃၀၀၄

သရက်ချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
ထားဝယ်-မြိတ် ကားလမ်း၊ 
မြို့မရပ်ကွက်၊ သရက်ချောင်းမြို့။
ဖုန်း - ၀၅၉ - ၃၅၀၀၈

မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ရုံးလမ်း၊ ဆိပ်ငယ်ရပ်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၉၉

ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အမှတ်(၂)ရပ်ကွက်၊ ခရေပင်လမ်း၊
ပုလောမြို့နယ်။
ဖုန်း -  ၀၅၉ - ၃၀၄၇၇
       ၀၅၉ - ၃၀၄၇၆
ကျွန်းစုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဗိုလ်ချုပ်လမ်း၊ အမှတ်(၂)ရပ်ကွက်၊
ကျွန်းစုမြို့နယ်။
ဖုန်း - ၀၅၉ - ၆၂၀၀၆ 
      ၀၅၉ - ၆၂၀၁၀
တနင်္သာရီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ရုံးကြီးလမ်း၊ ချောင်းကြီးရပ်ကွက်၊ 
တနင်္သာရီမြို့နယ်။
ဖုန်း - ၀၅၉ - ၅၅၀၁၁
Fax - ၀၅၉ - ၅၅၀၁၂
ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
စုပေါင်းရုံးလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊
ကော့သောင်းမြို့။
ဖုန်း - ၀၅၉ - ၅၁၀၁၉/ ၀၅၉ - ၅၁၆၄၆
Fax  - ၀၅၉ - ၅၁၀၃၀
ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ရုံးလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊
ဘုတ်ပြင်းမြို့။
ဖုန်း - ၀၅၉ - ၅၀၀၀၁
      ၀၅၉ - ၅၀၀၀၂